မိုင်းကိုင်မြို့နယ်၌ (၂၉)ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၂၉)ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က  သမိုင်းဝင်ရွှေမြင်ထင်မွေတော်စေတီတော်ကြီး၏ ဘုရားဝတ္တကမြေ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဘုရားရုပ်ပွားတော်အား ရှေ့ဆုံးမှပင့်ဆောင်ပြီး ဆရာတော်သံဃာတော်များက ရွှေမြင်ထင်မွေတော်စေတီတော် အနောက်ဘက်စောင်းတန်းမှ စတင်၍ လမ်းမကြီးတလျှောက်၊ မွေတော်တောင်ဘုန်းတော်ကြီး‌ကျောင်းမှတဆင့် ရွှေမြင်ထင်မွေတော်စေတီတော်ကြီးကို ဝန်းရံကာ ဆွမ်းခံကြွရောက်တော်မူကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့နှင့်မိသားစုဝင်များ၊  မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ဒေသခံပြည်သူများက ဆွမ်းဆန်၊ အလှူငွေ၊ ဒေသထွက်သီးနှံများ၊ အချိုရည်၊ သောက်ရေသန့်နှင့် ဆေးဝါးပစ္စည်းမျိုးစုံ၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် စေတနာထက်သန်စွာ လောင်းလှူပူဇော်ခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ပေါင်း(၃၈)ကျောင်းမှ ဆရာတော်သံဃာတော်(၈၇)ပါး၊ ရှင်သာမဏေ(၆၁၂)ပါး၊ စုစုပေါင်း (၆၉၉)ပါးတို့က ကြွရောက်ဆွမ်းခံခဲ့ကြရာ ဆရာတော်သံဃာတော်များ အေးချမ်းသာယာစွာ အလှူခံကြွရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု လိုက်ပါဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)