(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ်တွင် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၆

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ်၊ ၅၆လမ်း၊ ၃၅လမ်းမှ သိပ္ပံ ၁၀၁ လမ်းအထိ နှင့် ၄၂လမ်း၊ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်လှစ်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နေလူထု စိတ်ချမ်းမြေ့စေရန်အချိန်တိုအတွင်း သွားလာမှုအဆင်ပြေချောမွေ့လွယ်ကူစွာရှိစေရန် လမ်းများအား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး အလေးထားကာ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ ယခု ၅၆ လမ်းမှာ  ၃၅လမ်းမှ သိပ္ပံလမ်းအထိ ပေအရှည် ၅၈၈၅ပေအား  ပေ ၄၀ အကျယ်၊ ၄ လမ်းသွားအဖြစ် ဘေးချဲ့၍ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အလားတူ ၄၂ လမ်းမှာ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းကို ၄၁ လမ်းနှင့် သိပ္ပံလမ်းယာဉ်ကြောကြပ်တည်းမှုကိုဖြေ လျော့နိုင်ရန် အတွက် ယခင် ၁၈ ပေ မြေသားလမ်းမှ ပေ ၃၀ အကျယ်၊ ပေအရှည် ၄၅၂၇ ပေ အား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ရာ မြို့ပတ်လမ်း၏ အရှေ့ခြမ်းရှိ ပုသိမ်ကြီးမြို့နယ် ကျေးရွာများသို့သွားသည့် ပြည်သူများ အဆင်ပြေသွားလာနေသည်ကို တွေ့ရှိရပါကြောင်း၊ ဖွင့်လှစ်လိုက်သည့် လမ်း ၂ လမ်းမှာ  နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းပေးထားကာ လိုအပ်သည့်နေရာများတွင် တံတားများဘေးချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်းကုန်ကျငွေကျပ် ၁၉၅၄.၅၄၀ သန်း အသုံးပြုဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စအဝဝတို့ ဆက်သွယ်ဆောင်ရွက်ကြရာတွင် များစွာအထောက်အကူပြုသည့် လမ်းဖြစ်ပါကြောင်းနှင့် ရေရှည်ကောင်းမွန်တည်တံ့ရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု ပေါ်မူတည်၍ မြို့ပေါ်ရှိလမ်းများတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့မိ၊ မြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

၎င်းနောက် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ဖွင့်ပွဲအမှတ်တရလက်ဆောင်များ ပေးအပ်ပြီး လမ်းတစ်လျှောက်ကြည့်ရှုကာ မြို့မိ၊ မြို့ဖများအား ရင်းနှီးစွာလိုက်နှုတ်ဆက်၍ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုငွေ များချီးမြှင့်ခဲ့ကြကြောင်း  သိရသည်။

ထွန်းထွန်းနိုင်