မန္တလေး ဖေဖော်ဝါရီ ၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊(ရုံးချုပ်) တည်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါ ရုံးချုပ်ရှိ စန္ဒကူးခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ် အသုံးပြုပုံ၊ ရေသိုလှောင်ကန်အကြောင်း၊ မီးလောင်မှုဖြစ်စဥ်များ၊ မီးအတန်းအစားများ၊ လျှပ်စစ်မီးအန္တရာယ်နှင့် မီးငြှိမ်းသတ်ရေးနည်းလမ်းများအကြောင်း စသည်တို့အား ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ရုံးဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်စေခဲ့သည်။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)