ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဆောင်ရွက်ပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်ဖြိုးကိုကိုက လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနန်းသီရိနိုင်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအိမ့်မှူးမေက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရွန်းလဲ့နေခြည်ဝင်းက လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမြတ်ရွှေရည်ဝင်းက လူငယ်နှင့်နည်းပညာ ခေါင်းစဥ်ဖြင့် လည်းကောင်းအသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။  

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့် သက်ဆိုင်သည့် အသိပညာပေး နံရံကပ်ပြဘုတ်များ၊ စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)