ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

စစ်တွေ ဖေဖော်ဝါရီ ၆

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး (၂/၂၀၂၅)ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အောင်အောင်မြင်မြင်ကျင်းပနိုင်ရန်အတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောနေ့ထူးနေ့မြတ် ဖြစ်သောကြောင့် နှစ်စဉ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲများ ကျင်းပလျက်ရှိကြောင်း၊ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်(၉)ချက် ချမှတ်ခဲ့ရာ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား ကော်မတီအလိုက်ဆွေးနွေးတင်ပြပေးရန်လိုအပ်ကြောင်း၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအလိုက် ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ပြိုင်ပွဲဝင်ကစားသမားများအတွက် လိုအပ်သည်များ ကိုလည်း ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ အလားတူ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲ ပြိုင်ပွဲတွင်လည်း အသင်းသူ၊ အသင်းသားများအတွက် လိုအပ်သည်များကို ပေးအပ်ချီးမြှင့်ထားကြောင်း၊ ထို့ပြင်အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုချီးမြှင့်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေစိစစ် ရေးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ဘဏ္ဍာငွေတင်ပြတောင်းခံမှုအပေါ် ဆွေးနွေးတင်ပြပေးစေ လိုကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ခမ်းခမ်းနားနား၊ သိုက်သိုက်ဝန်းဝန်းနှင့် အေးချမ်းစွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး စနစ်တကျ စီမံဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပလျက်ရှိသော အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအလိုက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် အသင်းသူ၊ အသင်းသားများ ပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

စစ်တွေမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ ဓညဝတီအားကစားကွင်းနှင့် ဓညဝတီအားကစားခန်းမတို့တွင်ကျင်းပလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)