ဥတ္တရသီရိမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံသင်တန်း) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံသင်တန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချို၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ ဥတ္တရခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်၊ ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်ချိုနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ရပ်‌ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဥတ္တရခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က အဖွင့်အမှာစကား ပြောကြားပြီးမြန်မာနိုင်ငံကြက်ခြေနီအသင်း နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံသင်တန်း)ကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၃ဝ အား ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်ကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)