နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် လူဦးရေစာရင်းဇယာများ တိကျမှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စု လူဦးရေစာရင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိ/မရှိ စာရင်းပြုစု၍ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အခြားဒေသအချို့မှ ယာယီရွှေ့ပြောင်းနေထိုင်မှုများ၏ စာရင်းအချက်အလက်များ တိကျမှန်ကန်စွာရရှိရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး မိမိတို့၏ ကျရာကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ထို့နောက် နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)