မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများအား ကြည့်ရှုအားပေး

မော်လမြိုင် ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ​ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်ထုတ်လုပ်သူများအနေဖြင့် အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်ပစ္စည်းများအား မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေကျောင်းသား/ သူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေး နေမှုအပေါ်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များကို အများပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေး ဆောင်ရွက်‌ပေးကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စည်သူ(ပြန်/ဆက်)