သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်၌ အားကစားပြိုင်ပွဲများ ကျင်းပ

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ‌ဦး‌ဌေးအောင်က အဖွင့်အမှာစကားပြောခဲ့ရာ အားကစားဟူသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့်အခြေခံအချက် (၆) ချက်ပေါ်တွင် မူတည်လျက်ရှိရာ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူများအားလုံးအကျုံး၀င်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြင့်တင်ဆောင်ရွက်ရေးဟူသည့် အချက်ကို အလေးထားပြီး အားကစားပြိုင်ပွဲများကို ‌‌‌‌‌‌‌‌‌‌အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ချမှတ်ထားသည့် ဦးတည်ချက်နှင့်အညီ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အားကစားကို ပိုမိုစိတ်၀င်စားလာပြီး အားကစားလှုပ်ရှားမှုများမှာ ပါ၀င်လှုပ်ရှားလာစေရေး စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပသည့်ပွဲရာ မိမိတို့တွင်ရှိသည့် အစွမ်းအစများကို အကောင်းဆုံးအသုံးချယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲ၀င်အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများက လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက Fitness Danceဖြင့် သရုပ်ပြခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲအမှတ် (၃) နှင့် (၄) ဖြင့် သရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုတိုက်ကွက်များဖြင့် သရုပ်ပြခြင်း၊ လွန်ဆွဲပြိုင်ပွဲများကို ကျင်းပခဲ့ရာ ဆုရရှိသော အားကစားသမားများအား တာ၀န်ရှိသူက ဆုများအသီးသီးချီးမြှင့်‌ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

သိန်းအောင် (ပြန်/ဆက်)