သထုံ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ယနေ့၊ နံနက်ပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ (ဝါးတော) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းသူက အမှာစကားပြောကြားပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စု၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ခြင်း စသည်တို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် ကျောင်းသူ၊ ကျောင်းသားတို့အား ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ စာစီစာကုံးပြိုင်ပွဲများကို ပြုလုပ်ပေးရာ (ဝါးတော) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် (မော်ကျော့) အခြေခံပညာမူလတန်းလွန်ကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)