ပျော်ဘွယ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၅

ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများနှင့် အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိစာသင်ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံ၍ မကြာမီကာလအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတော့မည်ဖြစ်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမှု၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရွက်ထားရှိမှု၊ ရေသိုလှောင်ထားမှုနှင့် သန့်ရှင်းရေး ပြုလုပ်မှုတို့ကို ကြည့်ရှုပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)