သုံးခွ ဖေဖော်ဝါရီ ၅
၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်/ဆက်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်ထောင်စု၏အဓိပ္ပါယ်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ပုံပြင်ပြောပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အကောင်းဆုံးယှဥ်ပြိုင်နိုင်သူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်