ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး

ပျဉ်းမနား  ဖေဖော်ဝါရီ ၅

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ရွာတော်)  သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသစာအုပ်မျိုးစုံ(၂၂၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက် ငှားရမ်းဖတ်ရှုနိုင် ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)