တံတားမြို့၊ ပန်းချောင်းကျေးရွာ၊ အ.မ.က(မူလွန်)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်တောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

တံတား ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပန်းချောင်းကျေးရွာ၊ အ.မ.က (မူလွန်) ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်တောင်စု‌နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်နှင့် မမေ့မလျော့စေရန်၊ ပြည်တောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် ပြည်တောင်စု စိတ်ဓာတ်အကြောင်း၊ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)