မိုးညှင်း ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် အမိဘအုပ်ထိန်းသူများက သတ်မှတ်ထားသည့် နေရာအသီးသီး၌ နေရာယူကြသည်။
ဆက်လက်၍ ဘွဲ့နှင်းသဘင်ကိုကျင်းပရာ မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းအနေဖြင့် ဘွဲ့ရမောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ်အသီးသီးမှ ပညာသင်နှစ် အဆင့်ဆင့်များအလိုက် သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဖြစ်၍ ထိုက်တန်သောဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နာက် တတိယကြိမ်မြောက် ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ရာတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ပိုင်းခွဲ၍ ပေးအပ်လျက်ရှိရာ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် နေ့သင်တန်း၌ မဟာဝိဇ္ဇာ/သိပ္ပံတွဲတွင် (၄၅)ဦး၊ ဝိဇ္ဇာ/သိပ္ပံတွဲ (ဂုဏ်ထူးဘွဲ့)တွင် (၄၃)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့တွင် (၁၅၈)ဦးနှင့် အဝေးရောက်ယူသူ (၇)ဦး စုစုပေါင်း (၂၅၃)ဦးအား ဘွဲ့များအသီးသီး အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ ပျော်ရွှင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)