ညောင်ရွှေ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလျားကျေးရွာအုပ်စု၊ လွယ်မော်ကျေးရွာမှ မြစိမ်းရောင်(သားငါးကဏ္ဍ) အဖွဲ့ဝင် မွေးမြူရေးတောင်သူများ၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် ဆဋ္ဌမအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက အစည်းအဝေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အစည်းအဝေး တက်ရောက် လာသူများက တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း မြစိမ်းရောင်(သားငါးကဏ္ဍ)တွင် ယူနစ်(၄)ခုရှိပြီး ကျေးရွာပေါင်း (၈)ရွာ ပါဝင်ကြောင်း၊ ကြက်၊ ဝက်၊ နွား၊ ကျွဲ၊ ဘဲ တို့ကို အဓိကမွေးမြူကြကြောင်း၊ ရွေ့ပြောင်း ပျားမွေးမြူရေးလုပ်ကိုင်သူ အနည်းငယ်ရှိကြောင်း၊ လာမည့် ဘဏ္ဍာနှစ်အတွင်း ကျေးရွာအရောက် မွေးမြူရေး သင်တန်းများ ဖွင့်လှစ်သွားရန်စီစဉ်ထားကြောင်းနှင့် စံပြမွေးမြူရေးခြံများ ထူထောင် ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက ပြောကြားသည်။
စိုင်းအယ်ဘဲ