ကော့မှူးမြို့နယ် စမ်းကောက်ကျေးရွာ အ.ထ.က(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက် မော်တော် ယာဉ်ဖြင့် စာအုပ်များ အခမဲ့ ငှားရမ်း

ကော့မှူး ဇန်နဝါရီ  ၁၀

ကျောင်းသားလူငယ်များ  အသိပညာ၊ ဗဟုသုတ  တိုးပွားရေးနှင့် ကျေးလက်နေ ပြည်သူများ စာအုပ်စာစောင်  အလွယ်တကူ  ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်   ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း  ရွေ့လျားစာကြည့်တိုက်တို့  ပူးပေါင်း၍   ရန်ကုန် တောင်ပိုင်းခရိုင် ၊ကော့မှူးမြို့နယ်၊  စမ်းကောက်ကျေးရွာ    အ.ထ.က(ခွဲ)သို့ ယမန်နေ့ နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်  မော်တော်ယာဉ်ဖြင့် သွားရောက်၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးနိုင် ခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်များ ငှားရမ်းရာတွင် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်မှ ကျောင်းသား/ကျောင်း သူများအား  စာဖတ်ခြင်း၏  အကျိုးကျေးဇူးကြီးမားပုံ၊  စာအုပ်များအား ဖတ်မှတ်လေ့လာပြီး  လက်တွေ့ဘဝတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရန်နှင့် စာအုပ်များ ပျောက်ဆုံး၊ ပျက်စီးမှုများ မရှိစေရေး စနစ်တကျ ပြန်လည်အပ်နှံကြရန်  ဆွေးနွေးခဲ့သည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းလှူဒါန်းသည့် ကလေးစာအုပ် (၅၀)နှင့်  မဂ္ဂဇင်း (၁၀) အုပ်တို့အား ဆရာမ ဒေါ်ဇင်မာဝင်းထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် ယခုလို ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျေးရွာအရောက် လာရောက် ငှားရမ်းပေးသည့်အတွက်  ကျောင်းသားလူငယ်များနှင့် ဒေသခံများမှ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)