မဟာအောင်မြေ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၃၀) အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်အမှတ် (၃၀) အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ပညာသင်ကြားနေစဉ်ကာလမှာပညာရေးကို ဂရုတစိုက် လေ့လာသင်ယူသင့်ကြောင်း၊ စာပေတွေများများဖတ်သင့်ကြောင်း၊ အနာဂတ်လူငယ်မျိုးဆက်သစ်များကို စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာပေတွင်မွေ့လျော်ကာ မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်းသား၊သူများကို မူးယစ်ဆေးဝါးကို စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် စာအုပ်စာပေဖတ်သင့်ကြောင်း ဟောပြောသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း