ရန်ကုန် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသည့် “မြန်မာနိုင်ငံအတက်ရောဂါစီမံချက်”မှ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်(၁၂)မြို့နယ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် “အတက်ရောဂါစီမံချက်အကြောင်း အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနား” ကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်းက အတက်ရောဂါသိကောင်းစရာဖြစ်သော တက်ခြင်းနှင့် အတက်ရောဂါ၊ အတက်ရောဂါ၏ ရောဂါလက္ခဏာများ၊ အတက်ရောဂါဖြစ်စေသော အကြောင်းရင်းများ၊ အတက်ရောဂါကုသခြင်း၊ အတက်ရောဂါအတွက် ဆောင်ရန် - ရှောင်ရန်များ၊ တက်ခြင်းကို လှုံ့ဆော်စေသော အခြေအနေများ၊ အတက်ရောဂါ၏ အကျိုးဆက်များ၊ အတက်ရောဂါနှင့် ပတ်သတ်သည့် လွဲမှားသောအယူအဆများ၊ တက်နေသူများအား ရှေးဦးသူနာပြုစုခြင်း အတက်ရောဂါအကြောင်း မေးလေ့မေးထရှိသော မေးခွန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် မန်နေဂျာပါမောက္ခ ဒေါက်တာစမ်းဦးက မြန်မာနိုင်ငံအတက်ရောဂါစီမံချက်အကြောင်း အသိပေးရှင်းလင်းတင်ပြပြီး အတက်ရောဂါပညာပေး Video မှတ်တမ်းကို ပြသခဲ့ကြောင်း သိရသည်။
အဆိုပါအတက်ရောဂါဆိုင်ရာ အသိပေးဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ဆေးရုံအုပ်ကြီးများ၊ စီမံချက်ဝင်မြို့နယ် ဆရာဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)