မြစ်သား ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များတို့မှ မြို့ပေါ် (၆) ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါမိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မြို့ပေါ် (၆) ရပ်ကွက်ရှိ မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက် အမေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး နှင့် ပိုလီယိုအကြောသေ ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က လစဉ်သတ်မှတ်ရက် များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)