ရမည်းသင်း ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်ပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု သက်တံ့ရောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှုဆောင်သစ်များ ရွေးချယ်ရာတွင် သဘာပတိအဖြစ် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ရမည်းသင်းမြို့နယ်အတွင်း အခြေခံသမ ဝါယမအသင်းပေါင်း (၂၆၉) သင်းရှိပြီး အသင်းသားများ၏အကျိုးကို အလေးထားကြစေရေးနှင့် မြို့နယ်သမဝါယမအသင်းစုကိုလည်း အသင်းဥက္ကဋ္ဌများမှ အမှုဆောင်းများကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အသင်းဥက္ကဋ္ဌများမှ အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြောက်ခဲ့ရာ သဘာပတိက အတည်ပြုကြောင်း ကြော်ငြာသည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျင်းပရာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမျိုးဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးမှူး ဦးထွန်းထွန်းနိုင်က အခြေခံသမဝါယမအသင်းသားများ အကျိုးခံစားမှုကို ရှင်းလင်ပြောကြားကာ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဦးလှစိုးမှလည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ ဦးလှသွင်မှ ဖတ်ကြားရှင်းလင်းတင်သွင်းခြင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဦးအောင်မြသင်းမှ ဖတ်ကြားတင်သွင်းရာ အသင်းသားများ၏ သဘောတူညီချက်ဖြင့် သဘာပတိက အတည်ပြုချက်ရယူသည်။
ထို့နောက် တက်ရောက်လာသည့် အသင်းသားများ၏ အသင်းကောင်းကျိုးအတွက် အကြံပြုချက်များ၊ မေးမြန်းချက်များအား လက်ခံဖြေကြားရှင်းလင်းခဲ့ကြောင်း သတင်းရသည်။
ခရိုင် (ပြန်/ဆက်)