ပျော်ဘွယ် ဖေဖော်ဝါရီ ၄
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် “ပန်းတိုင်းပွင့်ခွင့်ရှိပါသည်” အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် အကြောင်းအမျိုးမျိုးဖြင့် ဆင်းရဲဒုက္ခတွေ့နေရသူ လူငယ်လေးတစ်ဦး၏ ကျောင်းစာကိုသင်ယူလိုခြင်းကြောင့် ကြိုးစားနေမှုအခြေအနေများ၊ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအပေါ် ဆရာ၊ ဆရာမများထားရှိသည့် မေတ္တာတရားများ၊ မိမိတို့ကိုယ်တိုင်လည်း မိဘဝတ္တရားနှင့်အညီ သား၊ သမီးများအပေါ် ပြုပြင်ထိန်းသိမ်းရမည့်နည်းလမ်းများ စသည်တို့ကို တွေ့မြင်နိုင်အောင် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းဖြစ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပြန်/ဆက်)