မိုင်းပျဉ်း ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာရှိ စံပြစိုက်ပျိုးရေးခြံအတွင်း အီးအမ်ဘိုကာရှီ ဓာတ်မြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြနှင့် စိုက်ပျိုးသီးနှံများဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဝမ်ယန်းကျေးရွာရှိ တောင်သူများအား စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အီးအမ်ဘိုကာရှီ ဓာတ်မြေသြဇာ၏ အကျိုးရှိအသုံးဝင်ပုံ၊ မြေသြဇာပြုလုပ်ရာတွင် ပါဝင်ရမည့်ပစ္စည်းများ၊ ပြုလုပ်ပုံအဆင့်ဆင့်တို့ကို လက်တွေ့ဟောပြောသရုပ်ပြပေးပြီး၊ စံပြစိုက်ပျိုးရေးခြံအတွင်း သီးညှပ်စိုက်ပျိုးထားသော ပဲပုပ်သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အခြားသော စားပင်သီးနှံများဖြစ်သည့် ဆီမှုံညှင်း၊ ပန်းကော်ဖီ၊ ကော်ဖီထုပ်၊ ပဲပုတ်၊ နံနံပင်နှင့် မှုံလာဥများလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုခြင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ စိုက်ပျိုးရေးဦးစီးနှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဒေါက်တာ၊ မြေစာရင်းဦးစီး၊ သစ်တောဦးစီး၊ မီးသတ်ဦးစီးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး၊ ကျေးရွာစိုက်ပျိုးရေးဆောင်ရွက်သည့် တောင်သူများက မိမိတို့လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး