လွိုင်လင် ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပြည့်စန္ဒီမြင့်က ကျောင်းသားလူငယ်များအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားပေးခဲ့ကာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးမှ ကျောင်းသား၊သူလေးများအား အသိပညာဗဟုသုတများတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ဗဟုသုတများရရှိစေရန် ယခုကဲ့သို့ဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် "ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့်အကြောင်းအရာများ" အသိပညာပေးနံရံကပ်စာစောင်အား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင် )