မုဒုံ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားများ ဒေသတွင်း စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန်အတွက် စဥ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်ကြားနေမှုများကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။ မုဒုံမြို့နယ်တွင် စဥ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများကို အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်းတွင် စာသင်ဝိုင်း(၄)ဝိုင်း၊ အ.ထ.က(၃) ကျောင်းတွင် စာသင်ဝိုင်း(၃)ဝိုင်း၊ အ.မ.က(ဒုံကနီ)ကျောင်းတွင် စာသင်ဝိုင်း(၄)ဝိုင်း၊ အ.ထ.က(၁)ကျောင်းတွင် စာသင်ဝိုင်း(၄)ဝိုင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ (၁၃)ခုတွင် စာသင်ဝိုင်း (၅၇)ဝိုင်းတို့တွင် လူဦးရေ(၈၆၀)အား နှစ်လကြာ နေ့စဥ် စာသင်ချိန်(၃)နာရီဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)