မုဒုံ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နယ်လှည့်တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့မ(၁)ရပ်ကွက်ရှိ ရှမ်းကျောင်းပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်(တီဘီ) mobile Team မှ ဒေါက်တာ ထက်သူခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသည့် သံဃာတော်များ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပြီး ရောဂါတွေ့ရှိသူများကို သလိပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးကုသမှုများ လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ရောဂါပိုးတွေ့ရှိပါက (၆)လစာဆေးများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများထံပေးအပ်ခဲ့၍ ဆေးများကို ဝေဒနာရှင်များအနေဖြင့် ၎င်းတို့ထံမှတစ်ဆင့် ထုတ်ယူနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
နယ်လှည့်စစ်ဆေးကုသခြင်းကို ပြည်သူလူထုအတွင်း တီဘီရောဂါဖြစ်ပွားပျံ့နှံ့မှု လျှော့ချရန်၊ တီဘီရောဂါအကြောင်းကို ပိုမိုသိရှိနားလည်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနသို့ သွားရောက်စစ်ဆေးရန်အခက်အခဲရှိသည့် သံသယလူနာများကို တီဘီရောဂါရှိ/မရှိ စမ်းသပ်ဆေးကုသပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၅)နေရာတွင် (၅)ရက်ကြာ စုရပ်များ၌ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)