ကလောမြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ချေဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

ကလော ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ချေဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လူမှု‌ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ကလောမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ချေဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကလောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်အခြေအနေများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအား Video Clip ဖြင့်ပြသခဲ့ပြီး အလုပ်ရုံ‌ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌‌ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ လူမှု‌ရေးအသင်းအဖွဲ့များက စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ‌ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်အကြာ ဆွေးနွေးကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)