ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် “အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်” ဆိုတဲ့ မျှော်မှန်းချက်ချမှတ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အသေးစားလုပ်ငန်းရှင်များ၏ စားသောက်ကုန်၊ လူသုံးကုန်နှင့်အလှကုန်ပစ္စည်းများကို စံချိန်စံညွှန်းပြည့်မီစေရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲစစ်ဆေးပေးခြင်းနှင့် အသေးစားကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရေးအတွက် ပြပွဲ၊ ဈေးရောင်းပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင်သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို လက်တွေ့အသုံးချကာ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များဖြစ်လာအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှထွက်ရှိသောကုန်ပစ္စည်းများနှင့် လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသား/သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ကြပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)