တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဆင်းပွဲ ကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီခွဲက လက်ပန်ကုန်းကျေးရွာ၊ ဒေါ်အုံးမြိုင် အိမ်​ခြံဝင်း၊ ယာယီမဏ္ဍပ်၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိသားစုဝင်ငွေများထိခိုက်ခံခဲ့ရသောကျေးရွာများကို ဦးစားပေးအစီအစဥ်ဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်များ သင်ကြားပေးလျက်ရှိရာ ယခုသင်တန်းမှ သင်ကြားပို့ချသည့် ပညာရပ်များအား တတ်ကျွမ်းအောင်သင်ယူကြပြီး၊ သင်တန်းကာလပြီးစီးပြီနောက်ပိုင်းမှာ မိမိပတ်ဝန်းကျင် အိမ်ထောင်စုများကိုလည်း လက်ဆင့်ကမ်းသင်ကြားပေးရန်နှင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင်ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက ဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းသင်ထောက်ကူပြုသင်တန်းများ သင်ကြားပေးအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းတွင် ထူးချွန်ခဲ့သည့် သင်တန်းသူများအား တာဝန်ရှိသူများက ဆုများနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

သင်တန်းသို့ ရှောက်ကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာနှင့်လက်ပန်ကုန်းကျေးရွာများမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ဖြင့် စျေးကွက်ဝင် ထုတ်ကုန်ပစ္စည်းအဖြစ် ရောင်းချနိုင်အောင် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်