မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်တက္ကသိုလ်အဆင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ် တက္ကသိုလ်အဆင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ မကျင်းပမီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်  ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသားများက ဆောင်းပါးပြိုင်ပွဲတွင် စည်းလုံးညီညွတ်အောင်ပန်းဆွတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပင်လုံသက်သေတို့ မြန်ပြေ မသွေလွတ်လပ် ထိန်းသိမ်းအပ် ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ ၎င်းပြိုင်ပွဲအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

ချမ်းသာ