မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သူနာပြုတက္ကသိုလ်-မန္တလေး ပထမနှစ် သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)(၁၁/၂၀၂၄) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၃

သူနာပြုတက္ကသိုလ်-မန္တလေး၊ ပထမနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) (၁၁/၂၀၂၄) သင်တန်းမှ ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါတက္ကသိုလ် ပင်မ(၆)ထပ်ဆောင်၊ ဘက်စုံခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လုပ်ငန်းများ၌ အရည်အသွေးပြည့်သူနာပြုများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတော်က ကျန်းမာရေးဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထိရောက်စွာလေ့ကျင့် သင်ကြားနိုင်ရန် ရုပ်ပိုင်းဆိုင်ရာ၊ သူနာပြုပညာရပ်ပိုင်းဆိုင်ရာများတွင် ခေတ်နှင့်လျော်ညီစွာ အသုံးပြု သင်ကြားနိုင်ရေး ဖြည့်တင်းပေးနေပါကြောင်း၊ သူနာပြုတက္ကသိုလ်-မန္တလေးကို ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ချိန်မှစပြီး ယနေ့အထိ ဘွဲ့ကြို/ ဘွဲ့လွန် သင်တန်းအသီးသီးမှ ဘွဲ့ရ သူနာပြု ၄၈၇၅ ဦး မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံရှိ Mahidol University, Chaingmai University, ဂျပန်နိုင်ငံ St.Luke International University စသည့် နိုင်ငံခြားတက္ကသိုလ်များမှ သူနာပြုပါရဂူဘွဲ့ ၅ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၈ ဦး ရရှိခဲ့ပြီး လက်ရှိတွင် သူနာပြုပါရဂူဘွဲ့ ၂ ဦး၊ သူနာပြု မဟာသိပ္ပံဘွဲ့ ၁ ဦး တက်ရောက် သင်ကြားနေသည်ဟု သိရှိရပါကြောင်း၊ တတ်သည့်ပညာကို ရပ်တန့်မနေဘဲ အတတ်ပညာနှင့် ကျွမ်းကျင်မှုသာမက ကျင့်ဝတ်သိက္ခာများနှင့်အညီ ခံယူချက်ကောင်းသည့် နိုင်ငံအတွက် အားကိုးအားထားပြုရသည့် နှလုံးလှသူနာပြုများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်ကမောင်မယ်သစ် လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားများကိုလည်းကောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ၏ Uniform Show ၊ တိုင်းရင်းသားရိုးရာအကအလှများ၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု Fashion Show များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများ ချီးမြှင့်ပြီးနောက် ခေတ်မီသင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် လက်တွေ့ခန်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်းရသည်။

ထွန်းထွန်းနိုင်