သာစည် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီကမြို့မ၌ရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရာ မြို့မရဲစခန်းမှူးဒုရဲမှူး စိုးမြင့်ထွေးက တက်ရောက်လာသော အရာရှိအရာခံများ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုဝင်များအား ပွင့်လင်းရာသီသို့ရောက်ရှိလာတော့မည်ဖြစ်ရာ မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေးမှုများကို မှတ်သားပြီး လိုက်နာဆောင်ရွက်ကြရန်မှာကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးအသုံးပြုနည်းပြသကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)