ဥတ္တရသီရိ ဖေဖော်ဝါရီ ၂
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် အဖွဲ့ဝင် ဦးကိုကိုမြတ်၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် သရက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၄၀ပေ x ၃၀ပေ)R.C.C (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က အချိန်မီပြီးမြောက်ရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာရှိ ကွင်းအမှတ် (၁၈၉၆)၊ တောင်သူ ဦးလှထွန်း၏ လယ်မြေ၌ ဒီဇယ်သုံးရေစုပ်စက်အသုံးပြု၍ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးပြီး ရေတင်၊ ရေစုပ်စက်ဖြင့် ရေသွင်းစိုက်ပျိုးမှုအစား ဆိုလာရေတင်စနစ်ကို အသုံးပြု၍ စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် မသိမ်ကျေးရွာ ကွင်းအမှတ်(၁၈၉၅)တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်လုပ်ထားရှိသော ဆိုလာရေတင်စနစ်ကို အသုံးပြု၍ တောင်သူ ဦးဇော်လင်းနှင့် ဦးမြင့်သိန်းတို့၏ လယ်မြေ၌ နေကြာနှင့် မြေပဲစိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်လုပ်ထားရှိသော ဆိုလာစက်ရေတွင်း (၅)တွင်းရှိပြီး ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ဒီဇယ်သုံးအင်ဂျင် စက်ရေတွင်း (၁၆)တွင်းရှိရာ ဆိုလာစက်ရေတွင်း တစ်တွင်းလျှင် ၁၅ ဧကခန့် ရေတင်၊ ရေသွင်း စိုက်ပျိုးနိုင်ပြီး ဒီဇယ်သုံးအင်ဂျင်စက်ရေတွင်း တစ်တွင်းလျှင် ၅ ဧကခန့် ရေတင်၊ ရေသွင်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)