ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပေါင် ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါင်မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွင်းရှိ မွေးကင်းစ အသက် (၂) လမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး ‌(ပြန်/ဆက်)