ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာရှိ သစ်မွှေးစိုက်တောင်သူများအား သစ်မွှေးစိုက်ပျိုထုတ်လုပ်မှုအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သစ်မွှေးစိုက်တောင်သူများအား သစ်တောဦးစီးဌာနက သစ်မွှေးစိုက်ပျိုးထုတ်လုပ်မှုအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွှဲ ၁ နာရီက မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်းရှိ ကျွန်းရွှေစင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကချင်ပြည်နယ်အနေဖြင့် ကမ္ဘာ့ပထမတန်းစား သစ်မွှေးများထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့်အပြင် သစ်မွှေးစိုက်ပျိုးခြင်းကို ၂၀၀၇-၂၀၀၈ ခုနှစ်မှ စတင်ခဲ့ကြပြီး မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ စာရင်းများအရ သစ်မွှေးပင်ပေါင်း (၂၅၀၀၀၀) ခန့်ရှိနေသေးသည်ကို သိရှိရပါကြောင်း၊ ထို့အပြင် သစ်မွှေးပင်များသည် ဆေးသွင်းနိုင်သော အသက်အရွယ်နှင့် လုံးပတ်များ ရှိနေသောကြောင့် စီးပွားဖြစ်ရန် အလားအလာကောင်းများစွာ ရှိနေသည်ကို သိရှိရပါကြောင်း၊ ထို့အတူ သစ်မွှေးဆေးသွင်း စိုက်ပျိုးထုတ်လုပ်ရေး၌ မြစ်ကြီးနားသည် ကမ္ဘာ့သစ်မွှေးဈေးကွက်တွင် နေရာရရှိနိုင်သော အခြေအနေကောင်းများစွာ ရှိနေသည့်အပြင် ယနေ့သုတေသနတွေ့ရှိချက်များအရ ကချင် ပြည်နယ်တွင် သစ်မွှေးနှင့် သက်ဆိုင်သော ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးမှုကို ဦးတည်နိုင်မည့် အစိမ်းရောင်စီးပွားရေးစနစ်ကို ဆောင်ရွက်နိုင်မည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ပညာရှင်များ၏ ဆွေးနွေးမှုကို စနစ်တကျလေ့လာမှတ်သားပြီး စိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သစ်မွှေးစိုက်တောင်သူများနှင့် စိတ်ပါဝင်စားသူများအား မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကလျာလူက မြန်မာ့သစ်မွှေး သုတေသနပါ အချက်များနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်အတွင်း ကမ္ဘာ့ပထမတန်းစား သစ်မွှေးထွက်ရှိရာဒေသများ၊ သစ်မွှေး၏တန်ဖိုး၊ အသုံးဝင်ပုံနှင့် သစ်မွှေးဆေးသွင်းမှု နည်းလမ်းများနှင့် သစ်မွှေး ဖြစ်မှု ရာခိုင်နှုန်းအခြေအနေများကို နည်းစနစ်ကျ ဆေးသွင်းနိုင်သည့် အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးရာ တက်ရာက်လာကြသူများက သစ်မွှေးဆေးသွင်း ထုတ်ယူနိုင်မှုအခြေအနေများနှင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကာ သစ်မွှေးဖြစ်တည်မှုဖြစ်ပေါ်ခဲ့မှု အခြေအနေ များကို ပြသရှင်းလင်းသည်။

ယင်းနောက် အဆိုပါ ဘုန်းတော်ကြီးကျောင်းဘေးရှိ သစ်မွှေးခြံ၌ သစ်မွှေးပင်များအား ဆေးသွင်းခြင်းလုပ်ငန်းအား လက်တွေ့သရုပ်ပြ ရှင်းလင်းခြင်းနှင့် ဆေးသွင်းခြင်းဖြင့် သစ်မွှေးဖြစ်တည်မှု ရာခိုင်နှုန်းဖြစ်ပေါ်လာမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)