တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၂၃) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ယခင် မက်သဒစ် အ.လ.က မြို့မ)ကျောင်းတွင် သင်ကြားပေးခဲ့ကြသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးအပေါင်းတို့အား မြတ်ဆရာဂါဝရသဘင်ဆင်ယင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (၂) မြို့မတွံတေး ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ဥက္ကဋ္ဌ ဆရာကြီးဦးခင်ဇော်ညွန့်က မြတ်ဆရာပူဇော်ပွဲ ကျင်းပပြုလုပ်ရခြင်းအား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူအပေါင်းတို့က အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာကြီး၊ ဆရာမကြီးတို့အား မြတ်ဆရာ ပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြကာ အပူဇော်ခံဆရာကြီး၊ဆရာမကြီးတို့အား အလှူရှင် ဦးသိန်းဝင်းဇော် မိသားစုမှ အသက် (၈၀) နှစ်အထက်ကို တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀၀)၊ ကျောင်းသားဟောင်းများက (၁၅၀၀၀၀) ကျပ်ကိုလည်ကောင်း၊ အလှူရှင် ဦးသိန်းဝင်းဇော် မိသားစုမှအသက် (၇၅) မှ (၈၀) နှစ်ကို တစ်ဦးလျှင် ငွေကျပ် (၄၀၀၀၀၀)၊ ကျောင်းသားဟောင်းများက (၁၀၀၀၀၀) ကျပ်ကိုလည်းကောင်း၊ အလှူရှင် ဦးသိန်းဝင်းဇော် မိသားစုမှ အသက် (၆၂) နှစ်မှ အထက် (၇၅) နှစ်ကို တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀၀)၊  ကျောင်းသားဟောင်းများက (၆၀၀၀၀) ကျပ်ကိုလည်ကောင်း ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီး ဦးတင်ထွန်း၊ ဆရာကြီးဦး ခင်မောင်ကျော်၊ ဆရာမကြီး ဒေါ်မြင့်မြင့်လေးတို့က ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ(၂၃)ကြိမ်မြောက်မြတ် ဆရာပူဇော်ဂါဝရသဘင်သို့ ဆရာကြီး၊ ဆရာမကြီး (၁၃၈) ဦးနှင့် အလှူရှင် ဦးသိန်းဝင်းဇော် မိသားစု၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား