ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ  ပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွာသာကြီးရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်လဝကဦးစီးမှူး ဦးကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့် ဒု လဝကမှူး ဒေါ်အေးအေးအောင် ခေါင်းဆောင်သော အဖွဲ့ (၃) သည် ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းထားခြင်းမရှိသေးသော အသက် (၁၆-၁၈) ကြား၊ (၁၈)နှစ်အထက်နှင့် ရွှေ့ပြောင်းနေထိုင်သူများအား ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ၊ (ယာယီ အိမ်ထောင်စု) ထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား ရွာသာကြီးရပ်ကွက်(အအေးခန်းစက်ရုံဝင်း)တွင် M တံဆိပ်အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းခင်းစီမံချက် (၃) အား ၂၀၂၅ခုနှစ် အောက်တိုဘာလကုန်အထိ တိုးမြှင့်ပေးထားပြီး မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃) ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိအောင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ နေ့စဥ် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အေးမဉ္ဇူ