စစ်တွေ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ဓမ္မာရုံ၌ လက်ဝဲသလုံးတော် ဓာတ် စေတီတော်မြတ်အား ထီးတော်တင်လှူနိုင်ရန်နှင့် ဘက်စုံပြုပြင် မွမ်းမံနိုင်ရန်အတွက် စေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးကြပြီး စေတီတော်တွင် ဆီမီးပူဇော်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်အနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုကြပြီး ကန်တော်ကြီး၌ ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ကောင်းမှုပြုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြကာ စေတီတော်ဘက်စုံပြု ပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်း သက်သာစွာ ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ဝန်ထမ်းများအား ရောင်းချပေးမည့် အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ ခင်းကျင်းထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး ဈေးဝယ်ရန် ရောက်ရှိလာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသုံးကုန်များနှင့် သား၊ ငါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းချပေးရာတွင် အခြေခံစားသုံးကုန်များဖြစ်သည့် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ မုန်လာဥ၊ ငရုပ်သီးစိမ်း၊ ကြက်ဟင်းခါးသီး၊ မြေထောက်ပဲ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပဲသီး၊ နံနံ၊ ပန်းဂေါ်ဖီ၊ ချဉ်ပေါင်၊ ကြက်ဥ၊ ဘူးသီးနှင့် ပြောင်းဖူးစသည့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးခြင်းဖြစ်ပြီး သား၊ ငါးအနေဖြင့် ကြက်သား၊ ဝက်သားနှင့် ငါး၊ ပုစွန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)