ညောင်ရွှေ ဖေဖော်ဝါရီ ၂
အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများ ကာကွယ်စို့ (Protecting Wetlands For Our Common Future) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွှေရန်ပြေ ကျေးရွာရှိ MAB-EEC ဇီဝအဝန်းနယ်မြေ ပညာပေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပရခြင်းအကြောင်းအရင်း၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့နှင့် ရမ်ဆာကွန်ဗင်းရှင်းဖြစ်ပေါ်လာပုံ၊ ရေဝပ်ဒေသများ၏ ဝန်ဆောင်မှုများ၊ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများ ထိန်းသိမ်းဆောင်ရွက်မှုအခြေအနေ၊ အင်းလေးကန် ရေဝပ်ဒေသအကြောင်း၊ ရေဝပ်ဒေသ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသွားသည်။
ထို့နောက် ရေဝပ်ဒေသများထိန်းသိမ်းစောင့်ရှောက်ရေး ဗွီဒီယိုမှတ်တမ်းကို ပြသခဲ့ပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခြေခံ ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူတို့အား ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ခင်းကျင်းပြသထားသည့် ရေဝပ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကမ္ဘာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသများအနေဖြင့် မိုင်းယွန်းကြီးအင်း၊ အင်းတော်ကြီးအိုင်၊ မိန်းမလှကျွန်း၊ မုတ္တမပင်လယ်ကွေ့ဒေသ၊ အင်းလေးကန်၊ နံသာကျွန်း၊ မေယုမြစ်ဝဒေသနှင့် ပြူကန်ဟူ၍ ရေဝပ်ဒေသကြီး (၇) ခု ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ