၂၀၂၅ ခုနှစ် (၄၁) ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား စုပေါင်းရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ  ၂

လားဟူတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ သမိုင်းအခိုင်အမာ တည်ရှိပြီး တစ်နှစ်တာရာသီကာလအတွင်း လားဟူတိုင်းရင်းသားတို့ ကျင်းပကြသည့် ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံးပွဲ‌တော်အဖြစ် သတ်မှတ်ထားရှိကာ ထင်းရှူးပင်များ အဖူးဖူးသည့်အချိန်၊ ချယ်ရီ၊ မက်မန်း၊ မက်မွန်ပင်များ အပွင့်ပွင့်သည့်အချိန်တွင် ကျင်းပသည်။

ရှေးအစဉ်အဆက်က လားဟူနှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာ‌ဒေသအလိုက် ပျော်ရွှင်စွာ ကျင်းပခဲ့ရာ တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်း ရရှိလာခဲ့သည့် ဆန်၊ စပါး၊ အသီးအနှံများနှင့် ပစ္စည်းဥစ္စာများကို နှစ်သစ်ကူးပွဲတော်တွင် စုပေါင်းပါဝင်လှူဒါန်းကြကြောင်း၊ ထင်းရှူးပင်ငယ် တစ်ပင်ကို အလယ်တွင်ထားကာ ထင်းရှူးပင်ကို ဝိုင်းပတ်ပြီး ယင်းတို့၏ အထိမ်းအမှတ် ဘူးပလွေများဖြင့်တီးမှုတ်၍ ထင်ရှားသော မြေဝိုင်းအကဖြင့် ဖျော်ဖြေကပြကာ ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက ခွင့်လွှတ်ပေးကြပါရန်၊ အပြစ်များကိုဆေးကြောပေးရန်၊ သက်ကြီးဝါကြီးနှင့်အကြည်ညိုခံပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေးမင်္ဂလာပြုလုပ်ခံယူ‌ သော ပွဲတော်ဖြစ်ကြောင်းသိရသည်။

၂၀၂၅ ခုနှစ် (၄၁) ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား စုပေါင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီခွဲက ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကတ်ဇင်ကျေးရွာ၌ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်က အမှာစကားပြောကြားပြီး စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီသို့ နှစ်သစ်ကူးလက်ဆောင် ပေးအပ်သည်။ ထို့နောက် စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီ (ကိုယ်စား) ဦးကျာလယ်စိုးက နှစ်သစ်မင်္ဂလာကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လားဟူတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ လက်ဆေးမင်္ဂလာပွဲကျင်းပသည်။ ယင်းနောက် လားဟူတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု အကတေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ပွဲတော်လာရောက် လည်ပတ်သူများက ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြပြီး လားဟူ တိုင်းရင်းသားများနှင့်အတူ ဘူးပလွေများတီးမှုတ်၍ ထင်ရှားသော မြေဝိုင်းအကတွင် စုပေါင်းပါဝင်ဂုဏ်ပြုဆင်နွဲကြသည်။

လားဟူတိုင်းရင်းသားလူမျိုးများသည် ယခုအချိန်တွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၌ ပျံ့နှံ့နေထိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် (မြောက်ပိုင်း) တို့၌ အများဆုံနေထိုင်လျက်ရှိပြီး လားဟူမျိုးနွယ် ၃၀ ခန့်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)