မလှိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မလှိုင် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဇေယျာအောင်သံ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများပါပြဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးဇော်ဟိန်းမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေပါ ပြစ်မှု/ ပြစ်ဒဏ်များ၊ အကျိုးခံစားခွင့်များ၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိ/ ရပ်ဖများ စုစုပေါင်း (၂၁၀) ဦး တက်ရာက်ခဲ့ကြပြီး၊ တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား အလွယ်တကူလေ့လာဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)