သာစည်မြို့နယ်နှင့်မိတ္ထီလာမြို့နယ်တို့တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သာစည် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက်နံနက် ၁၀ နာရီက ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး မကျီးကန်ကျေးရွာနှင့်ဘိုကုန်းကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် မကျီးကန်ကျေးရွာ၌ မိုးကြိုချည်မျှင်ရှည်ဝါ ၁၅၀ ဧက စိုက်ပျိုးမည့်ဒေသခံ တောင်သူများနှင့်တွေ့ဆုံပြီး ဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် မိတ္ထီလာခရိုင်အား စံပြခရိုင်ဖြစ်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသောကြောင့် တောင်သူများနှင့်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တောင်သူများက ဝါသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ပေးရန်နှင့်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တောင်သူများက လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်များကို ဆွေးနွေးသည်။ ထို့နောက် တောင်သူများ၏ အခက်အခဲတင်ပြမှုများအပေါ် ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ဘိုကုန်းကျေးရွာ၌ နွေစပါးစံပြကွက် ဧက (၁၀၀) စိုက်ပျိုးမည့်မြေဧရိယာတွင် သဘာဝမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထားမှုကို ကြည့်ရှုကြပြီး တောင်သူများနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာအုပ်စု မုန်တိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာသို့ သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆွေးနွေးပြီး တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)