ရန်ကုန် ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂၀) ကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးဇော်ဝင်းနှင့်တာဝန်ရှိသူများ၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးဇော်ဝင်းက အမှာစကားပြောကြားရာတွင် ရွှေလုပ်ငန်းပိုင်ရှင်များအနေဖြင့် နိုင်ငံကြီးသားများ ပီသကြပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရွှေလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့၏ ဂုဏ်သိက္ခာ ထိန်းသိမ်း ဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကနဦးစီစစ်ရေးအဖွဲ့အတွင်းရေးမှူး ဦးကျော်သူရက လုပ်ငန်းလိုင်းစင်များ လျှောက်ထားဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သင်ကြားမှုပထမပိုင်းတွင် ဆရာဦးဇော်မျိုးထွန်း လက်ထောက်ညွှန်ကြားရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)က သင်ကြားပို့ချခဲ့ပြီး ဒုတိယပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ရုံးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က သင်ကြားပို့ချခဲ့သည်။
"ငွေကြေးခဝါမှုနည်းပုံစံ"များဖြစ်သည့် အိမ်ခြံ/မြေ/မော်တော်ယာဉ်စသည့် အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်း၊ ငွေကြေးလဲလှယ်ခြင်းနှင့် ငွေသားပြောင်းလဲခြင်း၊ တရားဝင်နှင့်တရားမဝင် ငွေကြေးများကို ရောနှောပြသခြင်း၊ အမည်ခံ/ ဘဏ္ဍာထိန်း/ မိသားစုဝင်/ တတိယအဖွဲ့အစည်းများ အသုံးပြုခြင်း၊ သဏ္ဍာန်ဆောင် ကုမ္ပဏီများကိုအသုံးပြုခြင်း၊ ငွေဆက်သားကိုအသုံးပြုခြင်း၊ ကုန်သွယ်မှုအသုံးပြုခြင်း၊ လောင်းကစား (ထီ) အသုံးပြုခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အသုံးပြုခြင်းများ သင်ကြားပို့ချပေးသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းများ ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)