ဆီဆိုင်မြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲကျင်းပ

ဆီဆိုင် ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးမှ အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးဦးကျော်သူခိုင်မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)လျှောက်ထားမှုလုပ်ငန်းစဉ်များ၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ ပုံစံ(၇)ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကိုပေးအပ်ရာ တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများနှင့် ဒေသခံတောင်သူများမှ လက်ခံရယူကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူ(၆၂၁)ဦး၊ ဦးပိုင်(၈၀၅)ခု၊ လယ်ယာမြေ(၂၇၈၃ ဒဿမ ၃၃)ဧကကို ဒေသခံတောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)