ဇေယျာသီရိ ဖေဖော်ဝါရီ ၁
(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျေးရွာ “ပင်စည်” စာကြည့်တိုက်နှင့် ပြည်စံအောင်ရပ်ကွက်ရှိ “လူထုအလင်း” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ကျင်းပခဲ့ရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ “ပင်စည်” စာကြည့်တိုက်နှင့် “လူထုအလင်း” စာကြည့်တိုက် အဆောက်အအုံအသစ်ကို နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ “နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ” အနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ် (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့်လည်း စာအုပ်စာပေကို မြတ်နိုးတန်ဖိုးထားဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မဟုတ်ဘဲ ဖတ်သမျှကိုမှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများက စာကြည့်တိုက်များအတွက်အလှူငွေများ၊ စာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်၊ စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက် စုစုပေါင်း (၅၈)တိုက် ဆောက်လုပ်ရန် လျာထားလျက်ရှိရာ ဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက် စုစုပေါင်း(၂၄) တိုက် ဆောက်လုပ်ပြီးစီးခဲ့သည့်အနက် ၁၆ တိုက်ကို ဖွင့်လှစ်ပြီးစီးခဲ့ပြီးဖြစ်ပြီး ယနေ့ဖွင့်လှစ်ခဲ့သော သာယာဝှမ်းကျေးရွာ “ပင်စည်” စာကြည့်တိုက်နှင့် ပြည်စံအောင်ရပ်ကွက်ရှိ “လူထုအလင်း” စာကြည့်တိုက်များမှာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရန်ကျန်ရှိသည့် စာကြည့်တိုက်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)