ပန်းဘဲတန်း ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧကရီခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပန်းဘဲတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးယောမင်းကို့က အဖွင့်မှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ကြစေရန်နှင့် စကားပြောအတတ်ပညာ ကျွမ်းကျင်စွာတတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် Grade-11 ကျောင်းသူ မနှင်းနုရည်ကလည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade-12 ကျောင်းသူ မအေးမြတ်မိုးကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-11 ကျောင်းသူ မဝင်းသီရိကျော်ကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-10 ကျောင်းသူ မထက်စုဝင်းမောင်ကလည်းကောင်း၊ လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် Grade-10 ကျောင်းသူ မစုပြည့်ပြည့်မောင်ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသူလေးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးယောမင်းကို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဇော်ဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်သူနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်တို့က လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ စာရေးဆရာမတင့်တယ်ခင်က လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဥမ္မာကျော် (ပန်းဘဲတန်း)