မော်လမြိုင် ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် မြို့၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း (မြိုင်သာယာ)၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်းအတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြေခံပညာစာသင်ကျောင်းများ သန်ရှင်း၍ စိမ်းလမ်းစိုပြည်စေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ဆောင် အဆောက်အဦများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာသင်ဆောင်အဆောက်အဦများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ကြရန် ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပတိရုပ်ကောင်းမွန် စေရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာမှု ရှိစေရန်အတွက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ စာသင်ကျောင်းအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ ကျက်သရေဆောင် ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်နှင့် ရွှေစင်ရွှေပြား ကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး သို့ရောက်ရှိခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးကို ရွှေသင်္ကန်နှင့် ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခဲ့ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်းနှင့် ဘက်စုံပြုပြင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ကုသိုလ်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (သာယာအေး)၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း စာဖတ်ဝိုင်းသို့ ရောက်ရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်ရွာဒေသများအတွင်း ကျောင်းမနေခဲ့ရသူများ၊ မူလတန်းပညာ မသင်ကြားခဲ့ရသူများအတွက် စဉ်ဆက်ပညာရေးအစီအစဉ်ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သင်ယူသူများ၏ စာရေး၊ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေပြီး ကျွမ်းကျင်ပိုင်နိုင်၍ စဉ်ဆက်ပညာရေးမှသည် ဘဝတစ်သက်တာသင်ယူသူများ ဖြစ်လာစေရေး စဉ်ဆက်ပညာရေးလုပ်ငန်း စာဖတ်ဝိုင်းကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စာဖတ်ဝိုင်းအတွက် စာအုပ်စာစောင်များနှင့် လိုအပ်သည်များကို ပေးအပ်လှူဒါန်းခဲ့ပြီး စဉ်ဆက်ပညာရေးမှသည် ဘဝတစ်သက်တာ သင်ယူသူများအဖြစ် ဧကန်မလွဲ ဖြစ်လာနိုင်မှာဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြားပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)