မော်လမြိုင် ဖေဖော်ဝါရီ ၁
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်မော်လမြိုင်မြို့၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသား လူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “လင်းရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ သာယာအေးရပ်ကွက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ စီးပွားရေးရာဝန်ကြီးနိုင်လယိတမ၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်နှင့် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်တို့က“လင်းရောင်ခြည်”စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက“လင်းရောင်ခြည်” စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပြီး စာကြည့်တိုက်အတွင်း သုတ၊ ရသစာအုပ်စာစောင်များ၊ ပရိဘောဂပစ္စည်းများ၊ ရပ်ကွက်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာပေလေ့လာ ဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ “လင်းရောင်ခြည်” စာကြည့်တိုက် အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ယနေ့ခေတ်ကျောင်းသား လူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များတိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်သည်ဆိုသကဲ့သို့ စာပေနှင့်လူသည် ကင်းကွာ၍မရနိုင်သဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာဖို့လေ့ကျင့်ပျိုး ထောင်ပေးကြဖို့လိုပါကြောင်း၊ ပြည်သူများစာဖတ်တဲ့အလေ့အကျင့် ကောင်းများစွဲမြဲလာစေရေးနှင့် စာကြည့်တိုက်ကိုအသုံးပြုကြစေရန်နှင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် “လင်းရောင်ခြည်” စာကြည့်တိုက်အတွက် အလှူရှင်များက ငွေပဒေသာပင်၊ အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ သာယာအေးရပ်ကွက် “လင်းရောင်ခြည်” စာကြည့်တိုက်အဆောက်အဦနှင့်ပတ်သက်သည့် အချက်အလက်များအား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးညွန့်နိုင်က လွှဲပြောင်းပေးအပ်ခဲ့ရာ စာကြည့်တိုက် တာဝန်ခံတစ်ဦးကလက်ခံရယူခဲ့ကာ သာယာအေးရပ်ကွက် “လင်းရောင်ခြည်” စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖ(၁)ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါလင်းရောင်ခြည်စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည် လှူဒါန်းသည့် သိန်း(၁၅၀)၊ စေတနာရှင် အလှူရှင်များက လှူဒါန်းငွေသိန်း(၁၀၀)စုစုပေါင်းကျပ်သိန်း(၂၅၀)ဖြင့် အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေ အုတ်ကာသွပ်မိုး၊ တစ်ထပ်အဆောက်အဦဖြစ်ကာ မွန်ပြည်နယ်အစိုးရအဖွဲ့က စာကြည့်တိုက်ငွေပဒေသာပင်အတွက် လှူဒါန်းငွေ(၅)သိန်းနှင့် ရပ်ကွက်သူ/သားများစုပေါင်း လှူဒါန်းငွေ(၅)သိန်း စုစုပေါင်းစာကြည့်တိုက်ငွေပဒေသာပင် (၁၀)သိန်းကိုစိုက်ထူခဲ့ကြပြီး မွန်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းနှင့် နွေးထွေးသောရင်ခွင် ကိုယ့်အားကိုယ်ကိုးအဖွဲ့တို့မှ သုတ၊ ရသစာအုပ်(၄၀၀)အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)