ရန်ကင်းမြို့နယ်စာရေးဆရာအသင်းမှစာမူဆုများ ရရှိခဲ့ကြသည့် စာရေးဆရာနှစ်ဦးအား ထပ်ဆင့်ဂုဏ်ပြု

ရန်ကင်း ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် စာရေးဆရာအသင်းမှကြီးမှူး၍ စာမူဆုများရရှိခဲ့ကြသည့် ရန်ကင်းမြို့နယ်စာရေးဆရာအသင်း နာယကဒေါ်ခင်သန်းဝင်း(စာရေးဆရာမကြီးကြူကြူသင်း)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအလုပ်အမှုဆောင် ဦးလှတိုး(ဆရာတိုးတက်)တို့အား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ်(၄)ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူးဦးညွန့်တင်(မောင်ငြိမ်းသူကြို့ပင်ကောက်)၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 ဦးစွာ ရန်ကင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်း(မောင်မြို့ပြ)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)က မုဒိတာစကားပြောကြားခဲ့ကြသည်။ ယင်းနောက် ဆရာမကြီး ကြူကြူသင်း၏ ကိုယ်ရေးအကျဥ်းကို ဆရာမညွန့်ညွန့်(ကလော)နှင့် ဆရာတိုးတက်၏ ကိုယ်ရေးအကျဥ်းကို ဆရာမ စိန်မေရီလွင်မိုးက ဖတ်ကြားပြီး ဆရာ ရန်ကင်းမောင်မြတ်နိုးက ဂုဏ်ပြုရတုရွတ်ဆိုခဲ့သည်။

ဆက်လက်၍ ဂုဏ်ပြုပွဲပြုလုပ်ရာ ဆရာမကြီးကြူကြူသင်းအား ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်ကလည်းကောင်း၊ ဆရာတိုးတက်အား မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)လည်းကောင်း ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာမကြီးကြူကြူသင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆရာမကြီးကြူကြူသင်းသည် အမျိုးသားစာပေ(၃)ဆု၊ အရှေ့တောင်အာရှစာပေဆု၊ ဆရာဝန်တင်ရွှေစာပေ(ပထမဆု)၊ ၂၀၂၂ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုနှင့် ၂၀၂၅ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့ပြီး ဆရာတိုးတက်သည် လက်ဝဲသုန္ဒရအမတ်ကြီး ဘဝနှင့်စာပေစာအုပ်ဖြင့် အကြိမ်(၃၀)မြောက်ပခုက္ကူဦးအုန်းဖေစာပေ ကျမ်းစာပေ(ပထမဆု)နှင့် ဇာတိမာန်စာဆိုပုဂ္ဂိုလ်ကျော်များစာအုပ်ဖြင့် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု နိုင်ငံရေးစာပေ (ပထမဆု)ရရှိခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဆရာမခင်တင့်ဝေ(မြို့တော်စည်ပင်)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

လှလှထွေး(ပြန်/ဆက်)