ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကျောက်ဆည်မြို့နှင့်မြစ်သားမြို့ကြား ရန်ကုန်-မန္တလေးကားလမ်းမကြီးတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေး စာသားများပါသည့် ဆိုင်ဘုတ်များစိုက်ထူးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လမ်းဘေးဝဲ/ယာရှိ ကျေးရွာပြည်သူများက ပညာပေးသရုပ်ပြ စုပေါင်းလက်တွေ့အမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆိုင်ဘုတ်ထူးခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး ရန်ကုန်-မန္တလေားကားလမ်း၏ (၃၇၀/၄)မိုင်နှင့်(၃၆၀/၇)မိုင်တိုင်တို့တွင် “ရန်ကုန်-မန္တလေး ကားလမ်းမကြီး သန့်ရှင်းသာယာလှပစေရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်” စာသားများ ပါသည့် ဗွီနိုင်းဆိုင်းဘုတ်(၁၂)ခု စိုက်ထူခဲ့ကြောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးအနီး နေထိုင်ကြသည့် ကျေးရွာပြည်သူ စုစုပေါင်းအင်အား (၃၄၄)ဦးတို့က လမ်းမကြီးဘေးဝဲ/ယာများတွင် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးထွက်ရှိလာ သောအမှိုက်များကို စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်း စွန့်ပစ်ခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်